မိုင်းယောင်းမြို့နယ်၌ တံတားပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းယောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ ညနေပိုင်းက ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ဓာတ်လုံစေတီတော်သွားလမ်း) ပေါ်ရှိ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျပျက်စီးသွားသည့် တံတားအား ပြုပြင်နိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ပြိုကျပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် အရှည် ၂၅ ပေ၊ အကျယ် ပေ ၂ဝ၊ အမြင့် ခုနစ်ပေရှိ တံတားတစ်စင်း ပြုပြင်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တံတားအား ဩဂုတ်လ ၂၂ ရက်နေ့က လူနှင့်မော်တော်ယာဉ်များ ထိခိုက်မှုမရှိစေရေး ခေတ္တပိတ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းအစား ခိုကဲ-ရဲဘော်ဟောင်း-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း၊ ခိုကဲ-ယမ်းခမ်း-ဝမ်ဖြို-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းနှင့် ခိုကဲ-မုန်းလိုက်-ဝမ်တောင်း-ဝမ်ကောင်း-ပါမန်းလမ်းတို့ကို အသုံးပြုနိုင်ရေးအတွက် လမ်းလွှဲပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)