ကျောက်ဆည် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်တင်ထွေးက ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ (၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများ၊ တက္ကသိုလ်များမှ ပူးပေါင်း၍ ပြခန်းများ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများနှ င့်ပြပွဲများနှင့် အမှတ်တရလက်ဆောင်ပေးခြင်းများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ပြိုင်ပွဲများအလိုက် အမှတ်ပေးဒိုင်များ၊ အမှတ်ပေးစည်းမျဉ်းများ ရေးဆွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် မြို့နယ်စာရေးဆရာအသင်းအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသိပညာပေးစာပေဟောပြောပွဲနှင့် ပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်သွားမည့် အကဲဖြတ်အမှတ်ပေးဒိုင်များ ရွေးချယ်ထားပြီးဖြစ်ပြီး စာရေးဆရာများ၏ အမည်စာရင်းများကို ကြေညာခဲ့ရာ တက်ရောက်လာသည့် စာရေးဆရာများမှ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ အမှတ်ပေးစည်းမျဉ်းများ စနစ်တကျ ရေးဆွဲရေးထားခြင်းများ ပြန်လည်ဆွေးနွေးခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)