မုဒုံမြို့၌ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို တောင်သူများအား ရှင်းလင်း

မုဒုံ စက်တင်ဘာ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် မြေလွတ်မြေရိုင်းဥပဒေနှင့် နည်းဥပဒေများကို တောင်သူများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ဘဲရမ်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အတွင်းရေးမှူး ဦးကျော်ကျော်က မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သတ်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေစည်းမျဥ်း၊ စည်းကမ်းချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာမြေများနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရန်၊ လိုက်နာမှုမရှိပါက ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်ချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လယ်ယာမြေများအား အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေးတို့ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြပါရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများမှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ၊ နည်းပဒေများအကြောင်း သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)