ကွန်ဟိန်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ကွန်ဟိန်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီခန့်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အောင်မင်္ဂလာဘုန်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူ‌ဇော်ပြီး ဗုဒ္ဓသာသနာစိရံတိဌတု (၃) ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက (၅)ရက်ကြာ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)