ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး တာချီလိတ်မြို့  ရေကြီးရေလျှံမှုကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တာချီလိတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဩဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး မြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော အမှိုက်များနှင့် ရွှံ့နွံများရှင်းလင်းနေမှုကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်းနှင့် တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ရေကြီးရေလျှံမှုကြောင့် တာလော့ရပ်ကွက်အတွင်း တင်ကျန်ရစ်သော အမှိုက်များနှင့် ရွှံ့နွံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာရေးဌာနတို့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက စက်ယန္တရားများဖြင့် ဝိုင်းဝန်းဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအောက်မှ တာလော့ရပ်ကွက်အတွင်းသို့ မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်မှုအား ကာကွယ်နိုင်ရေးအတွက် ရေထိန်းနံရံတည်ဆောက်နိုင်ရေးနှင့် ပုန်ထွန်ရပ်ကွက်တွင် ရေထိန်းတံခါးတည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်တို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)