မောက်မယ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ပန်းခင်း(၃)စီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း(ကုန်းလမ်း)၌ ကွင်းဆင်း၍ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မူလွန်(ကုန်းလမ်း)မှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ၁၀ နှစ်နှင့် အထက်၊ ၁၈နှစ်ပြည့်၊ ပျောက်/ပျက်မိတ္တူနှင့် လဲလှယ်မှတ်ပုံတင်ကတ်ပြားများအား ရှေ့ပြေးပုံစံနှင့် နိုင်−၂ပုံစံများ ကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ ရပ်ကွက်အတွင်းရှိ ကျောင်းများသို့ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး “လူမှု ဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်း များကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)