နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း စာကြည့်တိုက်များအတွက် ရန်ပုံငွေ ပေးအပ်ခြင်းနှင့် စာအုပ်၊ စာစောင်များ‌ ပေးအပ်လှူဒါန်းပွဲ တက်ရောက်

ဥတ္တရသီရိ စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ပုံငွေ ပေးအပ်ခြင်းနှင့် စာအုပ်၊ စာစောင်များ‌ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာ   ဥတ္တရသီရိမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်(၉)တိုက် ဆောက်လုပ်သွားမည်ဖြစ်ပြီး အနာဂတ်လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် စာကြည့်တိုက်များ အကောင်အထည်ဖော် တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များတွင် ဂျာနယ်၊ သတင်းစာနှင့် အထွေထွေဗဟုသုတ ရရှိစေမည့်စာအုပ်များ၊ ဉာဏ်အလင်းဖွံ့ဖြိုးစေမည့် သုတရသနှင့် ပတ်သက်သည့် စာအုပ်၊ စာစောင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် စာအုပ်စာစောင်များကို ထားရှိ၍ ဖတ်ရှု လေ့လာစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်း‌နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းတို့က ကျေးရွာစာကြည့်တိုက်များအတွက် စာကြည့်တိုက်(၁)တိုက်လျှင် မတည်ရန်ပုံငွေ သိန်း(၁၀၀)ကျပ်နှုန်းဖြင့် စာကြည့်တိုက် (၃)တိုက်အတွက် မတည်ရန်ပုံငွေသိန်း (၃၀၀)ကျပ်ကို ပေးအပ်ရာ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များမှ လက်ခံရယူခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်းမှ လက်ခံရယူသည်။

ယင်းနောက် ကျေး‌ရွာစာကြည့်တိုက်များအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ သမဝါယမအကြောင်း သိကောင်းစရာစာအုပ်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ  ကျေးလက်ဒေသပြည်သူများအတွက် အသိပညာပေးစာအုပ်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတရသစာအုပ် စာစောင်များ၊  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ သုတ၊ ရသ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကာတွန်း စာအုပ်များ၊ မြို့နယ် MSME အသင်းမှ သုတ၊ ရသစာအုပ်များနှင့် ပရိဘောဂပစ္စည်းများကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လက်ခံရယူပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံးခန်း၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံပြီး ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ ကွင်းအမှတ်(၁၈၇၉)တွင် မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)