ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၈) အ‌‌ခြေခံပညာအထက်တန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏစွမ်းရည်ဆိုင်ရာပြိုင်ပွဲများ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပသည်။

ရှေးဦးစွာ နေပြည်ဝောာ်စာပေဝိုင်းမှ စာရေးဆရာ အိုင်ပီမျိုးအောင်က ကျပန်းစကားပြောပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးတို့က ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် “ဗလငါးတန်ပြည့်စုံဖို့ စာကြည့်တိုက်သို့ သွားကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များနှင့် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)