ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးမှူး၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန (ဒုတိယညွှန်ကြားရေးမှူး) ဒေါ်နန်းတင်ယုဆွေက ​ကျောင်းသား/​ကျောင်းသူ သားငယ်သမီးငယ်များအ​နေဖြင့် အမှိုက်များစွန့်ရာတွင် စည်းကမ်းတကျစွန့်ပစ်ရန်၊ ရန်ကုန်မြို့တော်ကို အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသည့် မြို့​တော်အဖြစ် ရပ်တည်နိုင်စေဖို့ သားငယ်သမီးများအားလုံး ပူးပေါင်းပါဝင်ပြီး အနာဂတ်တွင် တိုင်းပြည်ကအားထားရသည့် လူ​တော်လူ​ကောင်းများဖြစ်​စေရန် ကြိုးစားကြ​စေလို​ကြောင်း ​​ပြောကြားသည်။

ထို့​နောက် မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်သန့်ရှင်းရေးဌာနမှ မြို့နယ်တာဝန်ခံတစ်ဦးက ကျောင်းသား/သူများအား  စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာ၊ အမှုအကျင့်ကောင်းများနှင့် စပ်လျဉ်း၍ပြောကြားရာတွင် စွန့်ပစ်အမှိုက်များကိုလျော့ချခြင်း၊ ပြန်လည်တည်ထွင်အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက်များ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း​ပြောကြားပြီး မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက စနစ်တကျအမှိုက်စွန့်ပစ်ရန် အသိပညာပေးတေးသရုပ်ဖော်များဖြင့် သီဆို​ဖျော်​ဖြေသည်။

ဆက်လက်၍ ကျောင်းသား/​ကျောင်းသူများအား ကြိုတင်ဝေငှထားရှိသည့် လက်ကမ်းစာစောင်များထဲမှ အမှိုက်နှင့်ပတ်သက်သည့်မေးခွန်းများ​မေးမြန်သည့်အစီအစဥ်ကို ပြုလုပ်ခဲ့ရာ ကျောင်းသား/​ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လိုက်ပါပါဝင်ဖြေဆိုကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)