တာချီလိတ်မြို့၌ မျောက်ကျောက်ရောဂါနှင့် ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝန်ဆောင်မှုများရရှိနိုင်သော ဌာနအကြောင်း အသိပညာပေး ဆွေးနွေး

တာချီလိတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မျောက်ကျောက်ရောဂါနှင့် ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများရရှိနိုင်သော ဌာနအကြောင်း အသိပညာပေးဆွေးနွေးခြင်းကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အိမ်နီးချင်းနိုင်ငံများတွင် မျောက်ကျောက်ရောဂါ် (Monkey pox) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာမှုကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအပါအဝင် မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာန (One Stop Crisis Center (OSCC) for Gender Based Violence)များကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံများတွင် ဖွင့်လှစ်ကာ အကြမ်းဖက်မှုခံစားရသူများအား ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစွာဆက်သွယ်ခံယူနိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမှ ကျင့်ဝတ်များနှင့်အညီ စေတနာပြည့်ဝစွာ စနစ်တကျကူညီဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တာချီလိတ်ခရိုင် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က မျောက်ကျောက်ရောဂါ ကူးစက်နိုင်ဖွယ်ရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများအား လည်းကောင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ကျိုင်းတုံမြို့) ဒေါက်တာစည်သူအောင်က ကျား၊ မအခြေပြု အကြမ်းဖက်မှုသည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာနှင့် နှုတ်အားဖြင့် အကြမ်းဖက်မှုများ၊ နည်းပညာသုံး၍အကြမ်းဖက်မှုများ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာအကြမ်းဖက်မှုများ၊ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုကြောင့် ကျန်းမာရေးဆိုးကျိုးရလဒ် စသည့်အချက်များအားလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးတင်ပြခဲ့ကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က မျောက်ကျောက်ရောဂါ ကူးစက်ဝင်ရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး၊ ကူးစက်ဝင်ရောက်လာပါက စောစီးစွာသိရှိပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ရေးနှင့် ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူများအား စောင့်ရှောက်မှုပေးခြင်းသည် ကြီးမားကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)