ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ၊ မင်္ဂလာဒုံနှင့် လှည်းကူးခရိုင်တို့၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၃၀)ရက်နေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆုပေးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများက ခရိုင်အဆင့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲစဉ်အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းနှင့် ပြိုင်ပွဲတွင်ဆုအများဆုံးရှိခဲ့သည့် မှော်ဘီမြို့နယ်အား တံခွန်စိုက်ဆုနှင့် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များကိုလည်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသလို ပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသူများကလည်း အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်အဆင့်ပြိုင်ပွဲသို့ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်နှင့် လှည်းကူးခရိုင်တို့မှ ကိုယ်စားပြုမြို့နယ်များ ဖြစ်ကြသည့် မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ ဘာသာရပ်(၁၇)မျိုးအတွက် အဆိုပြိုင်ပွဲဝင် (၃၀) ဦး၊ အကပြိုင်ပွဲဝင် (၄) ဦး၊ အရေးပြိုင်ပွဲဝင် (၄) ဦးနှင့် အတီးပြိုင်ပွဲဝင် (၅၁) ဦး၊ စုစုပေါင်း (၈၉) ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်ပြိုင်ပွဲ အမျိုးအစားများအလိုက် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)