တိုက်ကြီး နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအုပ်စု ဂျိုးဖြူကွေ့ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင် (၅၀/၅ နှင့် ၅၀/၆) အကြားတွင် နိုဝင်ဘာ လ ၁၈ ရက်နေ့ ညနေ(၁၈:၃၅)နာရီ အချိန် ခန့်က တိုက်ကြီးမြို့ မှ ဥက္ကံမြို့သို့ မောင်းနှင်လာသော ဂါလံ (၂၈၀၀) ဆံ့ ပရီမီယမ်ဒီဇယ်ဆီ တင်ဆောင် လာသော (၈)ဘီးယာဉ် ဆီဘောက်ဆာ ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲရှိ အိမ်ဝန်း အတွင်းသို့ ထိုးကျကာ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာမှ ယာဉ်မောင်း နှင့် ယာဉ်ထိုးကျရာ နေအိမ်ဝန်း အတွင်းရှိ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် ဝက်သုံးကောင် တို့ သေဆုံးခဲ့ကာ လူနေအိမ် (၄)လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ဆီဘောက်ဆာကားမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာခဲ့သော အိမ်ထောင်စုများထံသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လှူဒါန်းငွေ ကျပ် ဆယ်သိန်း တိတိ အား တိုက်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိခိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူလွင်၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦးနှ့င် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သွားရောက်လှူဒါန်း ပေးအပ်ကာ အားပေးစကားများပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် မီးလောင်မှုဖြစ်စဉ်ကြောင့် လူသေဆုံး ပြီး နေအိမ်ပါ မီးလောင်ခံ ရသော အိမ်ထောင်စု(၁)စုအား ထောက်ပံ့ကြေးငွေ လေးသိန်းကျပ် ပေးအပ်ခဲ့ပြီး နေအိမ်မီးလောင် ခံရသော ကျန်အိမ်ထောင်စု(၃)စုအား တစ်အိမ်ထောင်လျှင် ထောက်ပံ့ကြေးငွေ နှစ်သိန်းကျပ် ပေးအပ်ခဲ့ကာ စုစုပေါင်း ထောက်ပံ့ကြေးငွေ ဆယ်သိန်း ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)