မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ကျောင်းတိုက် ပဓာနနာယက နာယကချုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသဇ္ဇနသာရ၏ ဥတုဇရုကလာပ်တော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပ

မဟာအောင်မြေ သြဂုတ် ၃၁

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ လမ်း၄၀၊ ၆၇-၆၈ လမ်းကြားရှိ မဟာမြိုင်ကျောင်းတိုက်၊ ကျူရှင်သာသနာ့ဗိမာန်ရှိ ဈာပနခန်းမဆောင်တော်တွင် မဟာမြိုင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကချုပ်ဆရာတော် ဘဒ္ဒန္တသဇ္ဇနသာရ(မဟာဂန္ထ ဝါစကပဏ္ဍိတ) သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၅ ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအား ပူဇော်ကျင်းပခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးဝန်ကြီး  ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရဟန်း၊ ရှင်၊ လူ ပရိသတ်စုစုပေါင်း  (၁၅၀၀)ဦးခန့်  တက်ရောက် ဖူးမြှော်ခဲ့ကြသည်။

ဆက်လက်ပြီး သဗ္ဗေသင်္ခါရာ အနိစ္စာ သုံးဂါထာရွတ်ဆို၍ အခမ်းအနားစတင်ဖွင်လှစ်ခြင်း၊ ပရိတ်သတ်များမှ  အဝေရာရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် ဦးဩဒါတသိရိဘိဝံသမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဒေါက်တာသီဟဉာဏာဘိဝံသ သံလျင်သီတဂူတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်မှ ဆရာတော်ကြီး၏ထေရုပ္ပတ္တိအကျဉ်းနှင့် သာသနာရေးဆောင်ရွက်ချက်များ လျှောက်ထားပူဇော်ခြင်း၊ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တကုသလာဘိဝံသမှ သံဝေဂဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ အောင်မေတ္တာဆရာတော်မှ ထေရသညုတ္တ ဂုဏဂီတိကာဂါထာတော်ဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ ရန်ကုန်မြို့ သာသနာ့ဗိမာန်ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒနသာရမှ အန္တိမပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီးများအား သင်္ကန်းပန်းခြင်း ဆက်ကပ်ခြင်း၊ အဝေရာရာမ ရန်ကင်းကျောင်းဆရာတော်ထံမှ ရေစက်ချသံဝေကထာနာကြားခြင်း၊ မှော်ဘီမြို့ ချမ်းမြေ့မြိုင်စာသင်တိုက်ဆရာတော် ဦးသာဂရာဘိဝံသမှ ဝန်ချတောင်းပန်လွှာဂါထာတော်ကို ရွတ်ဆိုပူဇော်၍ တပည့်သံဃာများနှင့် ဒါယကာ ဒါယိကာမ အပေါင်းတို့အား နောက်ဆုံးဝန်ချ တောင်းပန်လွှာစာသားကို တိုင်ကြားပေးခြင်း၊ ဆရာတော် သံဃာတော်များမှ အနိစ္စာဝတ သင်္ခါရာသုံးဂါထာဖြင့် မရနနုသတိ ရွတ်ဆိုပွားများကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်အား ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် မဟာမြိုင်ကျောင်းတိုက်မှ တောင်သမန်အင်း သကျသီဟစျာပနကွင်းသုဿန်သို့ ကရဝိတ်ဖောင်တော်ဖြင့် ပင့်ဆောင်၍ အဂ္ဂိစျာပနအား စည်ကားသိုက်မြိုက်စွာ ပူဇော်ခဲ့ကြပြီးနောက် (၁.၉.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်တွင် ဧရာဝတီမြစ်အတွင်း၌ ဥဒကစျာပနအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇော်မင်း