မော်လမြိုင် သြဂုတ် ၃၁
မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂ဝ၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မိမိတို့နိုင်ငံသား တိုင်းအနေဖြင့် ဥပဒေကို သိရှိလိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်ကို ကျယ်ပြန့်စွာ သိရှိနားလည်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ယခုလို ဥပဒေ အသိပညာပြန့်ပွား ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ ပြည်သူ လူထုက တရားဥပဒေကို သိရှိလိုက်နာမှသာ လူမှုဘဝတိုးတက်မြင့်မားလာမည်ဖြစ်တဲ့အတွက်ကြောင့် ဥပဒေပြဌာန်းရသည့် ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ဥပဒေအသိပညာပြန့်ပွားရေးကို အလေးအထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရားဥပဒေကို သိရှိနားလည်လိုက်နာမှသာ မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်လာနိုင်မည် ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးလည်း အားကောင်းလာမည်ဖြစ်၍ လူတိုင်းလူတိုင်း ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေကို သိရှိနားလည်ရန်လိုအပ်ပြီး ထိုသို့သိရှိနားလည်ထားပါက အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှပို့ချသော ဥပဒေအသိပညာများကို လေ့လာ မှတ်သားပြီး မိမိတို့၏ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချရန်နှင့် ဥပဒေ၏ အရေးကြီးမှုအားသိရှိကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈၊ အခြေခံဥပဒေ (Basic Law) အကြောင်းအား သင်ကြားပို့ချခဲ့သည်။
ဆက်လက်၍ ပြည်နယ်၊ ခရိုင် ဥပဒေအရာရှိတို့က ရွေးကောက်ပွဲဆိုင်ရာဥပဒေ ဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေဘာသာရပ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေဘာသာရပ်၊ ပြည်သူ့ စစ်မှုထမ်းဥပဒေ ဘာသာရပ်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေဘာသာရပ်တို့ကို သင်ကြားပို့ချခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂ဝ၂၄)ကို သင်တန်းသား၊ သင်တန်းသူ(၆၀၀)ဦးဖြင့် သင်တန်းကာလ(၂)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)