ကျောက်ပန်းတောင်း ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲများ နုတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
မိုးမြေပဲကို နှမ်းသီးနှံနှင့်အတူ တန်ခူးလတွင် စတင်စိုက်ပျိုးကြသူများ ရှိသလို ကဆုန်မိုးဖြင့် စတင်စိုက် ပျိုးခဲ့ကြသူများလည်း ရှိကြောင်း သိရပြီး ယခုအခါ ကဆုန်လ စိုက်ပျိုးခဲ့ကြသည့် မိုးမြေပဲများ နုတ်သိမ်းကြခြင်းဖြစ်ကြောင်း သိရသည်။ “မြေပဲတွေကရကြတယ်ဗျ ယာကျယ်ရင် ကျယ်သလို ရပါတယ် ၇၀/၈၀ ကနေ (၁၀၀) ကျော်အထိ ရကြတယ် အလုပ်သမားခတွေ မြေဆီမြေဩဇာ ဈေးတွေကလည်းကြီးတော့ ဈေးကောင်းလေးရမှ အသက်ရှုခြောင်ကြမှာဗျ အခုဈေးက ပေါ်ဦးပေါ်ဖျားကလောက် မရပြန်ဘူး နည်းနည်း ဈေးအေးသွားပြီ ပြောတယ်” ဟု လယ်ယားတောင် ကျေးရွာမှ မြေပဲစိုက် တောင်သူတစ်ဦးက ပြောသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နှမ်း/မြေပဲ၊ နေကြာနှင့် ပဲစဉ်းငုံသီးနှံများကို အားထားစိုက်ပျိုးကြပြီး နှမ်းသီးနှံကို တစ်သီးစား စိုက်ပျိုးကြသူများရှိသလို၊ နှမ်းနှင့် ပဲစဉ်းငုံ ရော၍ သီးညှပ်အဖြစ် နှစ်သီးစား စိုက်ပျိုးကြသူများရှိကြောင်းနှင့် တောင်သူ အများစုမှာ မြေပဲသီးနှံ တစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြပြီး နောက်သီးနှံအဖြစ် ဝါဆိုပဲကို ပြန်လည်စိုက်ကျိုးကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်မြို့နယ်လုံးအနေဖြင့် မိုးမြေပဲ စိုက်ဧက (၂၂၁၃၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး ကဆုန်လတွင် စိုက်ပျိုးခဲ့သည့် မိုးမြေပဲများကို ဝါခေါင်လပြည့်ကျော်တွင် စတင်နုတ်သိမ်းကြခြင်းဖြစ်၍ ပေါ်ဦးပေါ်ဖျား၌ မြေပဲဆန် တစ်ပြည် (၁၂၀၀၀) ကျပ် ဈေးဖြင့် ရောင်းချခဲ့ကြ ရသော်လည်း ယခုအခါ မြေပဲဆန် တစ်ပိဿာ (၈၀၀၀) ကျပ်ဈေးဖြင့် ရောင်းချကြရကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)