တံတားဦးမြို့နယ် ပြူကန်-မြို့သာလမ်းကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကွင်းဆင်းစစ်ဆေး

တံတားဦး  ဩဂုတ်   ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြူကန်-မြို့သာလမ်း (၀/၄.၅မိုင် ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၁၅ လက်မ)ထု ကတ္တရာလမ်းခင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ဩဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းဝါ၊ တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သန္တာဝင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ကတ္တရာလမ်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လမ်းများရေရှည် တည်တံ့အောင် ကျေးရွာသူ ကျေးရွာသားအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးတို့ကို လမ်းညွှန်ဆွေးနွေး ပြောကြားသည်။

တံတားဦးမြို့နယ်၊ ပြူကန်မြို့သာ လမ်းအရှည်(၄.၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အမြင့် (၁၅) လက်မထု ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၇၆.၈၆)သန်းဖြင့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါလမ်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၅၉၂)အိမ်၊ လူဦးရေ(၂၂၄၆)ဦးအား အကျိုးပြုပေးနိုင်မည်ဖြစ်ပါကြောင်း သိရှိရသည်။

ရဲတင့်(ပြန်/ဆက်)