နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးဂရုပြုပြီးဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် သီးနှံများအားလုံး ဈေးနှုန်းကောင်းမွန်စွာရရှိရန်၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းရန် လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းကောင်းရရှိမှသာ တောင်သူလယ်သမားတိုင်း အကျိုးအမြတ် ပိုမိုရရှိမှာ ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေမှာ သီးနှံမျိုးစုံဖြစ်တဲ့ နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ ဥယျာဉ်ခြံသီးနှံနဲ့ ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးသီးနှံများ အားလုံး အထွက်နှုန်းကောင်းကောင်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း (၄)ရပ် လစ်ဟာမှုမရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စားအုန်းဆီများတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိသည့်အတွက် စီမံချက်များရေးဆွဲ၍ ဆီထွက်သီးနှံများအထွက်နှုန်း တိုးတက်ရေး၊ စားသုံးဆီဖူလုံစေရေးအစီအမံများ လျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့် စီမံချက်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ရေးဆွဲ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အလားတူပင် ဝါသီးနှံဇုန်အလိုက် စိုက်ပျိုးထုတ်လုပ်မည့် စီမံချက်အားလည်း တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ် စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ အထွက်နှုန်းတိုးတက်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ အဝတ်အထည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံမျှမက တောင်သူများ ဝင်ငွေတိုးတက်ရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန်နှင့် ပြည်တွင်းသုံးနှင့် အဖွဲ့အစည်း စက်ရုံများအတွက် ကုန်ကြမ်းပိုမိုဖူလုံစေရန်၊ ဝါနှင့်ဝါထွက်ပစ္စည်းအခြေခံသော စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် ဝါသီးနှံဇုန်အလိုက် စိုက်ပျိုးထုတ်လုပ်မည့် စီမံချက်အား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအား ထပ်မံတိုးချဲ့စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေးအား ဇုန်အလိုက် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးအား ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု အလိုက်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြေအမျိုးအစားအလိုက်၊ ရေရရှိရေး နည်းလမ်းအလိုက်၊ ရာသီအလိုက်၊ သီးနှံမျိုးကွဲအလိုက်၊ စိုက်နည်းစနစ်အလိုက်၊ အထွက်နှုန်းအလွှာအလိုက် အစရှိသဖြင့် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များအား ရေးဆွဲထားရှိလျက်ရှိပြီး လျာထားဧက ပြည့်မီရေးနှင့် လုပ်ငန်းအောင်မြင်မှုရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဗိုလ်မှူးကြီးရဲမိုးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဖြည့်ဆွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)