တာချီလိတ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာချီလိတ် ဩဂုတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန် ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် မြို့မိမြို့ဖ ဦးဇော်မြင့်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အလက(ခွဲ)တာလော့၊ ရွှေမဟာနှင့် Sun Moon Light ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများက ပန်းပွားအကဖြင့် ဂုဏ်ပြုကပြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကျင်းပရာ အ-ထ-က(ဟောင်လိတ်) ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သရုပ်ဖော်ကပြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားကာ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် အလက(ခွဲ)တာလော့ ကျောင်းသား ကျောင်းသူများက အာခါတိုင်းရင်းသား ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့်တာဝန်ရှိသူတို့က ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အထက(ဆန်ဆိုင်း) ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်သည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ကျောင်းသား ကျောင်းသူများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသထားရှိမှု၊ စတုဒိသာကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ နေ့လယ်ပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြပွဲပြိုင်ပွဲများ ဆက်လက်ကျင်းပပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိရပါသည်။

မနန်းကိန်ဆီဟွမ်

Grade-9

အထက(ဟိုနား)၊ မိုင်းဖြတ်မြို့

ဒီနေ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပြိုင်ပွဲ နှစ်ခုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်၊ ပထမတစ်ခုက အလယ်တန်း(အထက်ဆင့်) စာစီစာကုံးပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်၊ အဲ့ဒါ အပြင် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲမှာလည်း ပထမဆု ရရှိခဲ့ပါတယ်၊ အခုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ် ပြိုင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဆုတွေ ရတဲ့အတွက်ရော ခရိုင်အတွင်းက ကျောင်းသား ကျောင်း သူတွေနဲ့ မိတ်ဆွေဖွဲ့ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်၊ နောက်လည်း အခုလိုပြိုင်ပွဲတွေကို ကျင်းပပေးစေလိုပါတယ်။

မအိမ့်သီရိစံ

Grade-10

အထက(ဟောင်လိတ်)၊ တာချီလိတ်မြို့

ဒီနေ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပါဝင်ခွင့် ရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်၊ ဒီနေ့ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်၊ ဒီပွဲကြောင့် ဗဟုသုတတွေ ရရှိတဲ့အတွက် အလွန်ကိုဝမ်းသာမိပါတယ်၊ ဒီပွဲတော်မှာ စာပေနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေအပြင် ကစား နည်းများစွာနဲ့ ပျော်စရာကောင်းပါတယ်၊ အခြား ကျောင်းက ကျောင်းသား ကျောင်းသူတွေနဲ့လည်း တွေ့ဆုံရင်းနှီး ခွင့်ရရှိခဲ့ပါတယ်၊ နောက်ထပ် ဒီလိုပွဲတော်တွေကို ကျင်းပပေးစေလိုပါတယ်။

မောင်အာဂျေး

Grade-11

အ.ထ.က(ဟိုနား)၊ မိုင်းဖြတ်မြို့

ဒီနေ့ ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ အထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်၊ အခုလိုဆုရတဲ့အတွက် အရမ်းပျော်ပါတယ်၊ ဒီလို ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ စာအုပ်တွေ အများကြီးဖတ်ခဲ့ရတယ်၊ အရင်ထက် စာတွေပိုဖတ်ဖြစ်ခဲ့တယ်၊ ကျပန်းစကားပြော ပြိုင်ပွဲအပြင် တစ်ခြားပြိုင်ပွဲတွေ အားကစားပြိုင်ပွဲတွေ စတုဒီသာကျွေးတာတွေနဲ့ အရမ်းကိုစည်ကားပြီး ပျော်စရာ ကောင်းပါတယ်၊ နောက်နောင်လည်း ပြိုင်ပွဲတွေ ပြုလုပ်ပေးဖို့ မျှော်နေမိပါတယ်။

မနန်းကိန်ကျောက်

Grade-11

အထက(ဆန်ဆိုင်း)၊ တာချီလိတ်မြို့

ဒီနေ့ ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ပထမဆု ရရှိခဲ့ပါတယ်။ ပြခန်းများ၊ အားကစားပြိုင်ပွဲများနဲ့ အရမ်းကိုပျော် စရာကောင်းပါတယ်။

ဦးထိန်လင်းအောင်

ကျောင်းအုပ်ဆရာကြီး

ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း

ဒီနေ့ ကျင်းပတဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျပန်းစကား ပြော၊ ပန်းချီ၊ ပုံပြင်ပြော၊ ကဗျာရွတ် စတဲ့ပြိုင်ပွဲတွေမှာ ကျွန်တော်တို့ ကျောင်းအနေနဲ့ ကျောင်းသား ကျောင်းသူ ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြခန်းအနေနဲ့ကတော့ သိပ္ပံပြခန်း၊ အနုပညာပြခန်း၊ အိမ်တွင်းမှုပြခန်းတွေကို မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ တွဲပြီးပြသခဲ့ပါတယ်၊ ဒီလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်က ကလေးတွေအတွက် တကယ့်ကို အကျိုးရှိပါတယ်။ ကျောင်းစာတွေနဲ့ လုံးပန်းနေရတဲ့ ကလေးတွေအတွက် ပြိုင်ပွဲလေးတွေ ပြပွဲလေးတွေ ပျော်ပွဲရွှင်ပွဲလေးတွေ ထည့်သွင်းပြီး ကျင်းပတာ ဖြစ်တဲ့အတွက် ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ သူ့ကျောင်း ကိုယ့် ကျောင်း မခွဲခြားဘဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် စည်းစည်းလုံးနဲ့မြင်ရတဲ့အတွက် ကျောင်းဆရာတစ်ယောက်အနေနဲ့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဒေါ်သန်းသန်းလှ

ကျောင်းအုပ်ဆရာမကြီး

အထက (တာချီလိတ်)

အခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်မတို့ကျောင်းမှာ လာပြီးလုပ်တဲ့အတွက် အရမ်းကိုဂုဏ်ယူဝမ်း မြောက်မိပါတယ်။ ဒီလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲကို လုပ်ပေးတဲ့အတွက် ကျွန်မတို့ လိုအပ်ချက်၊ ကလေးတွေရဲ့လိုအပ်ချက်၊ မိဘတွေရဲ့လိုအပ်ချက်များကို သိမြင်သွားခဲ့ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ဖို့ ကလေးတွေ အတန်းစဉ် မဖတ်မနေရအောင်  စာကြည့်တိုက်အချိန် ဇယားဆွဲပြီးတော့ ထည့်ပေးပါတယ်။ ဒီလိုမျိုးပွဲ လုပ်ပေးတဲ့အခါ မိဘရော၊ ကလေးရော ဘက်ပေါင်းစုံက ဝိုင်းဝန်းပံ့ပိုးတယ်၊ အားနည်းချက်၊ လိုအပ်ချက်တွေကို ထပ်မံဖြည်းဆည်းပြီး ကလေးတွေ ဒီထက်မက စာဖတ်ရှိန်မြှင့်တင်ပြီး လိုအပ်တဲ့ ဗဟုသုတကို စာကြည့်တိုက်မှာ ရှာဖွေဖို့ အများကြီး ကြိုးစားဆောင်ရွက်သွားပါ့မယ်။

အဆိုပါပွဲတော်တွင် စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲ၊  လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ဖတ်မှတ်စွမ်းရည်၊ ဉာဏ်စမ်းပဟေဠိ၊ အရုပ်ဆက်၊ အရုပ်ခေါက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ မြားလှည့်၊ မြားပစ်၊ ခွက်နင်း၊ ခုံဖိနပ်စီး၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲများ၊ လှပသာယာပ ပြည်မြန်မာဓာတ်ပုံပြခန်း၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ ဘာသာရပ်ဆိုင်ရာ ပြခန်းနှင့် အိမ်တွင်းမှုပြခန်းများ ခင်းကျင်းပြသခဲ့ရာ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူ(၄၀၀၀) ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)