ချောင်းဆုံ ဩဂုတ် ၃၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများအား (၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု အထူးတရားပွဲကို ယမန်နေ့ချောင်းဆုံ (အ.ထ.က)ကျောင်းသီရိရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် မော်လမြိုင်မြို့ မဟာမြိုင်ကျောင်းတိုက်ဆရာတော် (၁၅)ဘွဲ့ရဘဒ္ဒန္တဝိမလာဘိဝံသ ဟိတဓရ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ တရားဒေသနာ တော်ခံယူနာကြားခြင်း၊ ဆရာတော်အား ဓမ္မပူဇာဆက်ကပ် လှူဒါန်းခြင်း၊ YMBA အဖွဲ့အား အလှူတော်ငွေလှူဒါန်းခြင်းနှင့် ဆရာတော်မှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေး ဝေခဲ့သည်။
အဆိုပါ(၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ချောင်းဆုံမြို့နယ်တွင် ဩဂုတ်လ(၂၆)ရက်နေ့မှ စက်တင် ဘာလ(၁၁)ရက်နေ့အထိ အခြေခံ ပညာကျောင်းအထက်တန်းနှင့် အလယ်တန်းကျောင်း(၂၀)ကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)