ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲအခမ်းအနားတက်ရောက်

စစ်တွေ    ဩဂုတ်  ၃၁

၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို  ၂၀၂၄ ခုနှစ်၊  အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး    စီမံကိန်းများနှင့်မူဝါဒများ ချမှတ်ရန်အရေးကြီးသည့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်းဖြစ်သည့်အတွက် သန်းခေါင်စာရင်းအကြောင်းနှင့် သန်းခေါင်စာရင်း၏ အကျိုးကျေးဇူးများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးစောနိုင်က သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သန်းခေါင်စာရင်းဆိုင်ရာ TV Spot အားပြသသည်။

ဆက်လက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများနှင့် လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပသော ဥပဒေရေးရာဝန်ကြီးဌာန၊ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေရေးရာဝန်ကြီးဌာနနှစ်ပတ်လည်နေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာလှုပ်ရှား ဆောင်ရွက်မှုများ မှတ်တမ်း Video Click အားပြသခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)