ချောင်းဆုံမြို့နယ်၌ Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းဆုံ ဩဂုတ် ၃၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးတင်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက အမှာစကားပြောကြားရာ မြို့နယ်အတွင်းသို့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားလာမှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် မြေပြင် စောင့်ကြပ်ကြည့်ရှုခြင်းများကို ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိ သူများအားလုံး အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာဝင်းက Mpox မျောက်ကျောက်ရောဂါ လက္ခဏာများနှင့် ကူးစက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)