သာစည်မြို့ အ.ထ.က(၂)၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

သာစည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့အ.ထ.က(၂)၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ကျောင်းသား/သူလေးများက ကျောင်းကောင်စီ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက အမှာစကားပြောကြားပြီး အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကျောင်းအတွက် လှူဒါန်းသောအလှူငွေကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်က ကျောင်းအုပ်ကြီးထံပေးအပ် သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန် ရှိသူများ၊ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် တန်းတွင် ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပေးသော ဆရာ/မများနှင့်ဂုဏ်ထူးရရှိသော ကျောင်းသား/သူများ၊ ကျောင်းတွင်းထူးချွန်ဆုရရှိသော ကျောင်းသား/သူများနှင့်ကျောင်း၏ လိုအပ်ချက်များကို လှူဒါန်းပေးသောအလှူရှင်များအား ပညာရည်ချွန်ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် Grade-7 ကျောင်းသား/သူလေးများက ဘက်စုံ ပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဆရာ/မများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)