ပုသိမ်ကြီး ဩဂုတ် ၃၁
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး Dr အောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက သန်ကောင်စာရင်းဆိုင်ရာ အုပ်ချုပ်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများအား သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ခရိုင်အဆင့် သန်းခေါင်စာရင်း နည်းပြသင်တန်းတက်ရောက်မည့် ဆရာ/ဆရာမများအား Tablet နှင့် အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးမျိုးဇော်ခိုင်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၁၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို