နေပြည်တော် ဩဂုတ် ၃၁
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှု ထမ်းရန်ကာလ စသည်တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ အွန်လိုင်းပေါ်တွင် မမှန်မကန်သတင်းများ ဖြန့်ချိနေမှုအပေါ် ရပ်ကွက်နေပြည်သူများ သိရှိနိုင်စေရန်၊ ရပ်ကွက်ကျေးရွာမှ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူစစ်ဥပဒေနဲ့ပတ်သက်ပြီး သိသင့်သိထိုက်သည့်အချက်များနှင့် ပြည်သူ့စစ်ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်များကိုကို ပြည်သူများ သိရှိနားလည်အောင် ထပ်ဆင့်ရှင်းလင်းပြောကြားစေလိုကြောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)