ကျောက်ဆည်မြို့နယ်တွင် ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ စိုက်ပျိုးခဲ့သော မိုးကြိုပဲတီစိမ်း သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းအထွက်နှုန်းကောင်း

ကျောက်ဆည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ပဲသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး စီမံကိန်းများရေးဆွဲပြီး စိုက်ပျိုးလျက်ရှိရာ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း၌ စိုက်ပျိုးခဲ့သော မိုးကြိုပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် နယ်မြေဒေသအလိုက် ပက်ကျဲစိုက်ပျိုး ခြင်း၊ ဘောင်ကြီးတင်စိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ကြကြောင်းနှင့် စိုက်ပျိုးရန်မြေပြုပြင်ရာ၌ သီးနှံများ အောင်မြင်စေရန်အတွက်နွားချေးမြေဩဇာ(၁၅၀)တင်းခန့်၊ ယူရီးယား(၈)ပြည်၊ တီစူပါ(၂၄)ပြည်၊ ပိုတက်ရှ် (၁၂)ပြည်ထည့်သွင်းစိုက်ပျိုးသည်အပြင် ဒေသနှင့်ကိုက်ညီသော အပင်ဖြစ်ထွန်းမှုနှင့် အထွက်တိုးနှုန်း၊ အပင်ပေါက်နှုန်း ကောင်းမွန်သော ရေဆင်း(၁၁)၊ ရေဆင်း(၁၄) ပဲတီစိမ်း မျိုးများကို ရွေးချယ်ကာ တစ်ဧကအပင်အရေအတွက်(၁၃၀၀၀)ပင်ရရှိရေး မျိုးစေ့(၆)ပြည်မှ(၈)ပြည်အထိ အသုံးပြု၍ ပင်ကြား၊ တန်းကြား (၁၂x၄)လက်မခြား ရရှိအောင် စိုက်ပျိုးကြကြောင်း သိရသည်။

အပင်များပြုစုရာတွင် ပဲတီစိမ်းသီးနှံများ၌ ကျရောက်တတ်သည့် အဖျက်ပိုးများဖြစ်သော မြေအောက်ပိုးနှင့် ပင်စည်ထိုးယင်များကာကွယ်နိုင်ရန်အတွက် မျိုးစေ့များအား အင်မီဒါကလိုဗစ်၊ ဖျူရာဒန် ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ပြီး အဝါရောင်မိုစေ့ရောဂါသယ်ဆောင်သည့် ယင်ဖြူများ ကာကွယ်ရန်အတွက် အပင်သက်တမ်း(၁၄)ရက်သားမှစ၍ ထိသေ၊ စားသေပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးကြောင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း ပန်းပြချိန်၊ သီးကင်းဝင်ချိန်တွင် ယူရီယားထမင်းစားဇွန်း(၄)ဇွန်း၊ လက်ချားမှုန့်(၁)ဇွန်းဖျော်၍ တစ်ဧကတွင် ဆေးဖျန်းပုံး(၅)ပုံးမှ(၆)ပုံးအထိ နံနက်ပိုင်းတွင် အရွက်အောက် မျက်နှာ ပြင်တွင် ဆေးဖျန်းခြင်းလုပ်ငန်းများ ပြုလုပ်ပေးပါက အသီးအပွင့်များ ပိုမိုအောင်မြင်ကြောင်း သိရသည်။

သက်မောင်