ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဒန်းစီးပွဲတော်ကျင်းပ

ကျိုင်းတုံ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ရိုးရာ ဒန်းစီးပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအာခါတိုင်းရင်းသားလူမျိုးများ၏ရိုးရာ ဒန်းစီးပွဲတော်အား တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးကြီး​အေးသိန်း၊ အာခါ တိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုတို့က ဦးဆောင်၍ ဒန်းတော်အားစီးနင်း မင်္ဂလာပေးကြသည်။

အခမ်းအနားတွင်တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားအကြီးအကဲက အာခါ တိုင်းရင်းသား လူမျိုးများ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက်ဧည့်သည်တော်များအား အာခါရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အာခါတိုင်းရင်းသားများသည် တောင်ပေါ်ဒေသနေ လူမျိုးစုဖြစ်သည့်အလျောက် တောင်ယာ စိုက်ပျိုးရေးစနစ်ကို ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာခဲ့ကြရာ ယခုအချိန်သည် မိမိတို့၏တောင်ယာ၊ လယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီးစီးပြီး‌နောက် ညီညွတ်ခြင်း၊ အေးချမ်းခြင်းနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝစွာ ရရှိစေရန်၊ စိုက်ထူထားသည့် ဒန်းတော်ကိုပျော်ရွှင်စွာ စီးနင်းကာ မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဒန်းစီးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)