နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး ဩဂုတ် ၃၁

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ထမ်း မိသားစုများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ အသီးသီး တက်ရောက်ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ သီးစုံဓာတ်ဆားထုပ်၊ ပဲပုပ်ကြော်၊ ငါးကလေးကြော်၊ ဆေးလိပ်အထုပ်၊ လက်ဖက်ထုပ်၊ ချိုချဉ်ထုပ်၊ ချောင်းဆိုးပျောက်ဆေး၊ မဟာဖြေဆေး၊ ငပိထောင်း၊ ပုန်းရည်ကြီး စသည့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းက လက်ခံရယူသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းက လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)