လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြည်နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး သြဂုတ် ၃၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်နယ်အဆင့်နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းကာလ (၁၀)ရက်တာ ပြီးမြောက်သည့်အချိန်မှာ သန်းခေါင်စာရင်းမေးခွန်းတွင် ပါဝင်သည့်လူဦးရေဆိုင်ရာအကြောင်းအရာ၊  ပြည်တွင်းရွှေ့ပြောင်းသွားလာမှု၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုများနှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် သင်ခန်းစာအားလုံးကို ကျေကျေညက်ညက်သိရှိပြီးဖြစ်၍ ယုံကြည်ပါကြောင်း၊ အဖွဲ့အစည်းများ မေးမြန်းရမည့်အချက်အလက်၊ CAPI စနစ်ကိုအသုံးပြုပြီး စာရင်းကောက်ယူပြီး အချက်အလက်များကို ရုံးချုပ်ဆာဗာသို့ ပေးပို့သည့်စနစ်များကိုလည်း နားလည်သိရှိပြီး ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ်ပို့ချသည့်အခါ ဘာသာရပ်၊ သင်ခန်းစာ များအပြင် စာရင်းကောက်များအနေဖြင့် ဖြေဆိုသူများ မကြိုက်နှစ်သက်သော စကားအသုံးအနှုန်းများ မသုံးမိကြစေရန်၊ မေးခွန်းများကို မေးမြန်းရာတွင် လိမ္မာပါးနပ်စွာ မေးမြန်းကြရန် အထူးမှာကြားလို့ကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံးတွင် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် စိတ်ပါဝင်စား စွာသိရှိလိုသည့် အချက်များကိုမေးမြန်းခြင်း၊ မြေပြင်အတွေ့အကြုံများနှင့် ဆက်စပ်ပြီးဆွေးနွေးခြင်းကို ပြုလုပ်ကြသည့်အတွက် သိရှိရသည်ကို ကျေနပ်မိပါကြောင်း၊ မကြာမီဖွင့်လှစ်မည့် ခရိုင်အဆင့်နည်းပြသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ခန့်အပ်ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် သင်တန်းမှရရှိ လာသော သန်းခေါင်စာရင်းဆိုင်ရာ အသိအမြင်များကို ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန်ထိထိ ရောက်ရောက် ပြန်လည်ပို့ချလေ့ကျင့်ပေးရန် အထူးလိုအပ်ပါကြောင်း၊ သင်တန်းကပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့၏အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း မေးခွန်းများပါ အချက်အလက်များကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် ခရိုင်အဆင့်၊ မြို့နယ်အအဆင့်သင်တန်းများတွင် လိုအပ်သလိုဝင်ရောက်ကြီးကြပ်ရန် မှာကြားလို့ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ များအနေဖြင့် နည်းပြတာဝန်များကို မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ခရိုင်အဆင့် နည်းပြခန့်အပ်လွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှလက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများကို ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးပြည်နယ်အဆင့် နည်းပြသင်တန်းကို ၁၉-၈-၂၀၂၄ရက်နေ့မှ၃၀-၈-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိခရိုင်ရှစ်ခုမှ သန်းခေါင်စာရင်းစစ်သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ (၂၄) ဦး မြို့နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနမှ အထောက်အကူပြုသင်တန်းသား (၂၀) ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၄၄) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)