ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေက ဥပဒေရေးရာဝန်ကြီးဌာန၏ ပြရုပ်ဖြစ်သော အဆင့်ဆင့်သော ဥပဒေအရာရှိများသည် အဂတိတရား (၄) ပါး ကင်းရှင်းစွာဖြင့် ဌာန၏ ဂုဏ်သတင်းကိုဆက်လက် ထိန်းသိမ်းကြခြင်းဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ရက်မှ သည်နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲအောင်မြင်ပါစေကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်ချီးမြှင့်ခြင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တို့တွင် ထူးချွန်ဆုများ ရရှိခဲ့ကြသော အရာထမ်းများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်ချီးမြှင့်ခြင်း၊ အမှုထမ်းများ သက်သာချောင်ချိရေးကိုရည်ရွယ်၍ ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခြင်း၊ အရာထမ်းများ၊ အမှုထမ်းများ စည်းလုံးညီညွတ်မှု ရရှိစေရန်ရည်ရွယ်၍ ဗလာမပါ ကံစမ်းမဲများနှိုက်ခြင်း၊ အထိမ်းအမှတ် ကိတ်အားခွဲကာ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံး အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)