နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တိုင်းအဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၃၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် တိုင်းအဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ သင်တန်းနည်းပြများ၊ သင်တန်း သား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုများကို သင်တန်းသား/ သင်တန်းသူများအနေဖြင့် သေချာစွာ လေ့လာမှတ်သားပြီး ခရိုင်/မြို့နယ်အဆင့်များတွင် နည်းပြအဖြစ် ပြန်လည်သင်ကြား ပို့ချသည့်အခါတွင် မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏ အတွေ့အကြုံများ ပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့အား ပေးအပ်သည့်တာဝန်များကို အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က သင်တန်းသား/သင်တန်းသူများအား ခရိုင်အဆင့်နည်းပြခန့်အပ်လွှာများကို ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)