တောင်ကြီး ဩဂုတ် ၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်များ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှူကော်မတီ ပဉ္စမအကြိမ်ညှိနှိုင်းအစည်းအဝေးနှင့် တောမီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းတစ်ခုဆောင်ရွက်ရာ၌ ထိရောက်မှုရှိသောလုပ်ငန်းဖြစ်ရေးသည် အဓိကဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေ၊ အချိန်၊ ကြိုးပမ်းအားထုတ်မှု စသည်တို့ကို ရင်းနှီးမြှုပ်နှံထားသလောက် ထိရောက်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ထိရောက်မှု ရှိ၊ မရှိ သိရှိစေနိုင်မည့်သိလိုချက်များကို ကြိုတင်သတ်မှတ်ထားရမည်ဖြစ်ပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များနှင့် ဆက်စပ်ဦးစီးဌာနများအနေဖြင့် ထိရောက်စွာညှိနှိုင်း ပေါင်းစပ်မည်ဆိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုများသည် တဖြည်းဖြည်းနှင့် ကောင်းမွန်ပီပြင်လာမည်ဖြစ်ပြီး ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကော်မတီနှင့်ဦးစီးဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာ အသီးသီးတို့က ဌာနအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး အဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေး၍ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်အတည်ပြုခဲ့ကြောင်း သိရသည်။
တောင်ကြီး(ပြန်/ဆက်)