ပင်းတယမြို့နယ်၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်အခမ်းအနား ကျင်းပ

ပင်းတယ   ဩဂုတ်  ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြင်းမူးကျေးရွာ၌ တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲက အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပြီး အဆိုပါစာကြည့်တိုက်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းခဲ့ကြသည့် အလှူငွေများဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ တည်ဆောက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)