ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်  ၃၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၆ နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက က ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နားယူကြည်ညိုကာ တောင်ကြီးမြို့၊ အောင်မြေဗောဓိ မြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရက ပဋ္ဌာန်းတရားနာကြားရန် နတ်၊ဗြဟ္မာများအား ပင့်ဖိတ်သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးကြပြီး ရှမ်းပြည်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေးကြသည်။

၎င်းနောက် တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် အရှင်မာဏဝက က ပဋ္ဌာန်းအမွှမ်းဖတ်ကြားပူဇော်၍ ဆရာတော်၊ သံဃာများနှင့် ပရိတ်သတ်များအားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် (အကျဉ်း)ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဌာနဘာဏကသံဃာတော်များ ပဋ္ဌာန်းကျမ်းမြတ် ဒေသနာတော်ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြကြောင်း သိရှိရသည်။

အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ်လ(၃၀)ရက်မှ စက်တင်ဘာလ(၈)ရက်အထိ (၁၀) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)