ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်ပင်လှကျေးရွာ၌ ယမန်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိမ်ရှင်ဦးအောင်ကျော်ဦး၏ သွပ်မိုး၊ အထပ်သားခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် (၂)ထပ်လူနေအိမ်တွင် မီးစက်နှိုးထားရာမှ Safeguard အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ဘေးပတ်ဝန်းကျင်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ လူနေအိမ်(၂)ထပ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ လူနေအိမ်(၂)ထပ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၂)ထပ် (၁)လုံးတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် စုစုပေါင်း လူနေအိမ် (၄)လုံး မီးလောင် ဆုံးရှုံးခဲ့သည်။
မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်သည့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ တပ်ဖွဲ့ဝင် (၂၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် ပြည်သူများ စုပေါင်း၍ မီးငြှိမ်းသတ်ယာဉ်နှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ကျော်ဦးအား ကျောက်ဆည်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)