မြစ်ကြီးနား သြဂုတ် ၃၀
တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ် တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတရားလွတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာကပြောသည်။
အမှုများကို စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သက်သေများကို စစ်ဆေးရာ၌လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေလုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို လိုက်နာလျက်စစ်ဆေးကြရမည်ဖြစ်ကြောင်း၊ တရားရုံးများ၌ မှုခင်းများကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကာ အမှုများကို စစ်ဆေးဆုံးဖြတ်သွားရန်လိုကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ ဦးတူးမော်နှင့် ဒေါ်အေးအေးမော်တို့က တရားစီရင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ပြုံးပြုံးကြည်က တရားရုံးဆိုင်ရာစီမံခန့်ခွဲရေးကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက ရုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်