မြစ်သား ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂) နေကြာစိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ယခုစိုက်ပျိုးထားသော ဆင်းရွှေကြာ (၂) နေကြာစိုက်ဧကပေါင်း (၄၀၃)ဧက ကျော်စိုက်ပျိုးထားရှိကြောင်း၊ နေကြာစိုက်ပျိုးခြင်းသည် အခြားသီးနှံစိုက်ပျိုးခြင်းထက် ဂရုတစိုက်ဆောင်ရွက်ရခြင်းမျိုးမရှိဘဲ ထွန်ယက်ပြီးဘောင်ကြီးတင်စနစ်ဖြင့်စိုက်ပျိုးရခြင်းကြောင့် လူနှင့် လုပ်အားခ၊ အရင်းအနှီးများစွာ မကုန်ကျဘဲ စျေးကောင်းရလျှင် ဒေသခံတောင်သူများ ဝင်ငွေကောင်း မွန်ပြီး ဆီထွက်သီးနှံနေကြာကိုစိုက်ပျိုးရခြင်းဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့နှင့် တောင်သူနည်းပညာ ပညာပေးခြင်းလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများအထွက်နှုန်းကောင်း ဆင်းရွှေကြာ (၂) နေကြာကို တိုးချဲ့ စိုက်ပျိုးစေလိုကြောင်း နေကြာစိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားရရှိမှာဖြစ်ကြောင်း သိရသည်။
ယခုအခါ ဆင်းရွှေကြာ(၂)နေကြာတစ်ဧက စိုက်ပျိုးလျှင်ကုန်ကျစရိတ် (၈)သိန်းခန့်ကုန်ကျကာ တစ်ဧကအထွက်နှုန်းမှာ (၂၅)တင်းမှ တင်း (၃၀)ထိထွက်ရှိပြီး တစ်တင်းကိုကြိတ်ခွဲလျှင် ဆီပိဿာ(၃)ပိဿာခွဲမှ (၄)ပိဿာ ထိထွက်ရှိကြောင်း၊ လက်လီစျေးနှုန်းမှာ ဆီတစ်ပိဿာ ၁၆၀၀၀/-ကျပ်မှ ၁၈၀၀၀/-ကျပ်ဖြင့် ရောင်းချကာ တစ်တင်းစျေးနှုန်းမှာ ၆၅၀၀၀/-ကျပ် ရောင်းချရသောကြောင့် နေကြာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)