မုဒုံ သြဂုတ် ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပိုးရက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဥ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးတာဝန်ခံနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်နှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများက မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)