(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၃၀

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် မှော်ဘီ၊ မင်္ဂလာဒုံနှင့် လှည်းကူးခရိုင်တို့ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မှော်ဘီ၊ မင်္ဂလာဒုံနှင့်လှည်းကူးခရိုင်တို့၏  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကို မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းညွန့်၊ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်ဝင်းထူး၊ အဆိုအကဲဖြတ်ဒိုင် ဦးသန်းထွန်းလေးနှင့် တက္ကသိုလ်လဲ့လဲ့၊  အကအကဲဖြတ်ဒိုင် ဒေါ်နွဲ့နွဲ့စန်းနှင့် ဒေါ်နုနုစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲခရိုင်အဆင့်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲသို့ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်နှင့် လှည်းကူးခရိုင်တို့မှ ကိုယ်စားပြုမြို့နယ်များဖြစ်ကြသည့် မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ ဘာသာရပ်(၁၇)မျိုးအတွက် အဆိုပြိုင်ပွဲဝင်(၂၉)ဦး၊ အကပြိုင်ပွဲဝင်(၄)ဦး၊ အရေးပြိုင်ပွဲဝင်(၄)ဦးနှင့် အတီးပြိုင်ပွဲဝင်(၅၁)ဦး စုစုပေါင်း(၈၉)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်ပြိုင်ပွဲအမျိုးအစားများအလိုက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော်( မှော်ဘီ )