ဟိုပုံး ဩဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးစီမံကိန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုသည့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဝမ်းသာရပါကြောင်း၊ သင်တန်းသားတွေ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ပိုင်ပိုင်နိုင်နိုင်နားလည်တတ်ကျွမ်းအောင် မွမ်းမံသင်တန်းကို ထပ်မံဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားရာတွင် သင်တန်းတွင် စာတွေ့/လက်တွေ့ ဆန်းစစ်ချက်များကို ထူးချွန်စွာဖြေဆိုနိုင်သူ၊ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟုသုတရှိသူ၊ ဒေသမှာ အနည်းဆုံး (၃)နှစ် အခြေချနေထိုင်ပြီး ရေရှည်တွင်လည်းဆက်လက်နေထိုင်မည့်သူ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သူ စသော စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ထူးချွန်သင်တန်းသား (၅)ဦးကို သင်တန်းနည်းပြနှင့် သင်တန်းကော်မတီအဖွဲ့ဝင်များက ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို သြဂုတ်လ (၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ တစ်လကြာဖွင့်လှစ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် စက်တင်ဘာ (၅)ရက်နေ့တွင် အခြေခံစက်ချုပ်သင်တန်းအား ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)