မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဩဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဌာနဆိုင်ရာများအနေဖြင့် မိမိနှင့်မိမိဌာနလုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရေး၊ ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းနိုင်ရေး၊ ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်မှုများကို စနစ်တကျစာရင်းပြုစုပေးပို့ရေး၊ တိရစ္ဆာန်နှင့် စိုက်ပျိုးရေးဆိုင်ရာထိခိုက်မှုများကို နယ်မြေကွင်းဆင်းစစ်ဆေးနိုင်ရေး၊ အပတ်စဥ်စ‌နေနေ့တိုင်း ပြည်သူ့အကျိုးပြု သန့်ရှင်းရေးဆောင်ရွက်သွားရေး၊ ယာယီနေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ ပြည်သူ့လုံခြုံရေးကို သက်ဆိုင်ရာများအနေဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ လူဦးရေနှင့်သန်း‌ခေါင်စာရင်း ကောက်ယူရေးသင်တန်းဖွင့်လှစ် သွားမည်ဖြစ်သဖြင့် စာရင်းစစ်၊ စာရင်းကောက်တွင်ပါဝင်သည့် ဌာနများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးကြရန်၊ သတင်းတု/မှားများကို သတိထားကြရန်နှင့် ယဉ်ကျေးလိမ္မာသင်တန်းတွင် အောင်မြင်ခဲ့ကြသော ကျောင်သားလေးများအား ဆုချီးမြှင့်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)