မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းကွင်းဆင်းအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့  မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ကွန်ဟောင်းကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်းခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကွန်ဟောင်းကျေးရွာ၏ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ကျန်းမာရေးနှင့်ပညာရေးအစရှိသော ကဏ္ဍများ အလိုက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ‌ဆွေးနွေးဟောပြောခဲ့ကြပြီး ကွန်ဟောင်းကျေးရွာရှိ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၂-၈-၂၀၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အေးကျန့်အုပ်စု၊ ကွန်ဟောင်းကျေးရွာတွင် သဘာဝဘေးဒဏ်သင့်၍ မိသားစုဝင် (၃) ဦးသေးဆုံးပြီး ကျန်ရစ်ခဲ့သော ကျောင်းနေအရွယ်ကလေးငယ် (၂) ဦးတို့ကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ၊ မက်မန်းမြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ ထောက်ပံ့ငွေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းထောက်ပံ့ငွေများ၊ မက်မန်းမြို့နယ် ပညာရေးမိသားစုမှ စုပေါင်းထောက်ပံ့ငွေများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့မှ စာသောက်ဖွယ်ရာများနှင့် အဝတ် အထည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)