မိုင်းပျဉ်း သြဂုတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီ က မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားသမားများ ကွင်းအတွင်းနေရာယူ၍ မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီးနောက် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြပါသည်။ ထို့နောက် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးအောင်မျိုးသူက ဘောလုံးအားကစား ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပွဲဦးထွက်ကစားပွဲအဖြစ် U−18 ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အ.ထ.က မိုင်းပျဉ်း၏ မိုးရာသီဘောလုံး အားကစားပြိုင်ပွဲတွင် U−13နှင့် U−18 ဘောလုံးအားကစားအသင်း (၅) သင်းရှိပြီး ၂၉-၈-၂၀၂၄ ရက်နေ့မှ ၂-၉-၂၀၂၄ ရက်နေ့အထိ နံနက်၊ ညနေပွဲစဉ်များအဖြစ် ပတ်လည်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ အားကစားသမားများ စုံလင်စွာတက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)