နမ့်စန်(တ) ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company ၊ မိုးရိပ်ရှမ်းတောင်ပရဟိတအသင်း၊ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် ရောင်စုံပန်းခင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများအား ပေးဝေတိုက်ကျွေးခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ School Milk Program တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၆)ဦးအား အာဟာရပြည့်နွားနို့(၁၂)ပိဿာနှင့် ကြက်ဥ(၁၀၀)လုံးတို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)