ရန်ကုန် သြဂုတ် ၃၀
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တ(နေနတ်သားဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီဟနာဒ (ချမ်းမြသာစည်ဆရာတော်)က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးကို “သာသနဿစလောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တ (နေနတ်သားဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ပဥ္စမအစည်းအဝေးမှတ်တမ်း(တ-ဆဋ္ဌ ၅/၂၀၂၄)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စ ရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းတော်မူသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(တတိယအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်ဆရာတော်)မှတစ်ပါး ကျန်ဆရာတော် ၁၃ ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)