ရန်ကုန် သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက သထုံလမ်းဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးဦးတည်ကာ ကမာရွတ်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၄)နှစ်အောက် U-14(Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကိုကျင်းပခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆန်းထွန်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခြေခံပညာကျောင်းများမှ ကျောင်းသား လူငယ်များတွင်ကာယပညာနှင့်အားကစားလှုပ်ရှားစေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးကြား၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကိုလေးစားလိုက်နာမှုနှင့် ယဥ်ကျေးသိမ်မွေ့မှုစသည့် ကောင်းမြတ်သောအရည်အသွေးများရရှိလာစေရန်၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် ယှဥ်ပြိုင်နိုင်သည့်ပြိုင်ပွဲစည်းမျဥ်းများ၊ စည်းကမ်းများကိုသိရှိပြီး တစ်ဦးချင်းဘောလုံးအရည်အသွေးများတိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းအားကစားသမားများ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၄)နှစ်အောက်(အမျိုးသား)များကို သြဂုတ်(၂၉)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြိုင်ပွဲများကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)