ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့

တောင်ကြီး ဩဂုတ် ၃၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်ကြီးမြို့တွင် လာရောက်ကာ မိသားစုဝင်များကဲ့သို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တာဝန်ထမ်းဆောင်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အခက်အခဲများအဆင်ပြေစေရန်အတွက် တတ်စွမ်းသရွေ့ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာလာသော ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူတို့က လက်ခံရယူသည်။

ယင်းနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာလာသည့် ကျန်းမာရေးဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအနေဖြင့် ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသည့် ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်(၁၇၁)ဦးအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)