မြစ်သား သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချနိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြစ်သားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တစ်ဦးမှ အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းအရာများကိုဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်လှန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြစ်သားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)