တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၈၀ ရာခိုင်နှုန်းပြီးစီး

တပ်ကုန်း ဩဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာနှင့် ဒရောက်ကူး ကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်များဆောက်လုပ်လျက်ရှိရာ စာကြည့်တိုက် အဆောက်အဦသစ်များကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူသူငြိမ်းတို့က စာကြည့်တိုက်အဆောက်အဦသစ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါကျေးရွာများတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀ဖြင့် ဆောင်ရွက်ကြသည့် ထုံးဖိုကျေးရွာတွင် အလျား ၂၀ ပေ၊ အနံ ၁၆ ပေ ဖြစ်၍  ၈၀ ရာခိုင်နှုန်းပြီးစီးကြောင်း၊ ဒရောက်ကူးကျေးရွာတွင်  အလျား ၂၀ပေ၊ အနံ ၂၀ ပေ ဖြစ်၍ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်