တပ်ကုန်း ဩဂုတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ညောင်လွန့်ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း၊ ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ အမှတ်(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲအုပ်မင်းထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းနှင့်အနာဂတ်အကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထားက ဥပဒေဆိုင်ရာအကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဇင်လှိုင်မြင့်က လျှပ်စစ်သုံးစွဲမှုအန္တရာယ်အကြောင်း၊ ညောင်လွန့်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမျိုးချစ်မောင်က မီးဘေးအန္တရာယ်အကြောင်း၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အမှတ်(၁၀၁) ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇင်မျိုးအောင်က မူးယစ်ဆေးဝါးအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတက်ထွန်းက မှုခင်းကျဆင်းရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် သက်ဆိုင်ရာဌာနမျာက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်၊ စာစောင်များအား ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်