ဗိုလ်တထောင် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်တို့၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲက ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ဆုပေးပွဲအခမ်းအနားကို ၎င်းနေ့ ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်တထောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို ဗိုလ်တထောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်း၊ ကျောက်တံတားခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်(ခေတ္တ)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အကပညာရှင်ဒေါ်နွဲ့နွဲ့စန်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်ဦးခိုင်ထွန်း၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်ထွန်းတို့က ခရိုင်အဆင့်ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် ပန်တျာစိန်လှမြိုင်နှင့်အဖွဲ့မှ တွဲဖက်တီးမှုတ်မှုနှင့်အတူ ရွှေတံဆိပ် ၁၁ ဆုရ တေးသံရှင်ဝိုင်းလမင်းအောင်(မဟာဝိဇ္ဇာဂီတ)နှင့် အကပန်တျာဇာခြည်ခိုင်တို့က ဂီတဗိမ္မာန်တေးသီချင်းနှင့် စိန်စီသောတေးသီချင်းဖြင့် လည်းကောင်း၊ ရွှေတံဆိပ်လေးဆုရှင် ဇာမဏီသန်းဇော်နှင့်အဖွဲ့မှ နိုင်ငံတော်ရွှေတံဆိပ် ဆုများရှင် ပန်တျာစိန်လှမြိုင် ရေးစပ်သီကုံးသော ဆို၊ က၊ ရေး၊ တီးဆေးကြီးအမည်ရ တေးသီချင်းအား အိုးစည်ဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ခရိုင်အုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆက်လက်၍ သတ်မှတ်နေရာများတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပကြပြီးညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်) ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဂျက်ကော့ထူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်) ခရိုင်အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၁၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့သော ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်က တံခွန်စိုက်ဒိုင်းဆုကြီးအား ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)